ဇနီးမယား(၇)မျိုးဆိုတာ
Buddhism Beams (Myanmar) /
မြတ်စွာဘုရားရှင်သီတင်းတော်မူတဲ့ ဇေတဝန်ကျောင်းတော်ကြီးရဲ့ ကောင်းဒါယကာ အနာထပိဏ်သူဌေးကြီးမှာ သုဇာတာဆိုတဲ့ချေွးမတစ်ယောက်ရှိပါတယ်။ထိုသုဇာတာ သတို့သမီးက လင်ဖြစ်သူရဲ့ ပြောဆိုဆုံးမမှုကို မနာခံသလို၊ယောက္ခမဖြစ်သူရဲ့ ဆုံးမ စကားကိုလည်း ကလန်ကဆန်ပြန်လုပ်ပြီး ရန်တွေ့တတ်တယ်။ယောက္ခမနဲ့ လင်သား ကိုရိုသေရကောင်းမှန်းမသိဘူး။ဇနီးမယားဆိုးတစ်ယောက်လို့ပြောရမှာပါ။ ဒါကြောင့်အနာထပိဏ် သူဌေးကြီၤးက သူရဲ့ချေ ွးမဟာ သူ့သားအတွက် ဘယ်လို ဇနီးမယားဖြစ်တယ်ဆိုတာသိလိုတာနဲ့ မြတ်စွာဘုရားရှင်ကို မေးမြန်းလျှောက်ထား ပါတယ်။ မြတ်စွာဘုရားရှင်က သုဇာတာ သင်သည် အဘယ်သို့သော ဇနီးမယားဖြစ်သည်ကို သိစေလိုတာနဲ့ ဇနီးမယား(၇)မျိုးကိုဟောတော်မူပါတယ်။ အဲဒီ(၇)မျိုးက
(၁) ဝဓာ ဘရိယာ(လူသတ်ကောင်နှင့်တူသောမယား)
မိမိရဲ့လင်သားအပေါ်မှာ သနားငဲ့ညှာ ထောက်ထားခြင်းမရှိ၊အမြဲတန်း ပြစ်မှားတတ်ခြင်း၊ ဆူပူခြင်း၊ဆဲဆိုခြင်း၊ဆောင့်အောင့်ခြင်း၊အရွဲ့တိုက်ခြင်း၊မိမိရဲ့လင်သားမှ တစ်ပါးသော ယောကျၤားတို့ကိုချစ်ခင်နှစ်သက် ဖောက်ပြန်ခြင်းမိမလင်သားအပေါ်မချစ်ခင် မနှစ် သက်ခြင်း၊ ငွေနှင့်ဝယ်ထားသော ကျွန်ကို နှိပ်စက်သကဲ့သို့ လင်သားအားနှိပ်စက်သော မယားကို လူသတ်ကောင်နှင့်တူသော မယားလို့ခေါ်ပါတယ်။ထိုမယားမျိုးက မိန်းကလေး အနေနဲ့မဖြစ်အောင် ရှောင်ရမှာဖြစ်သလို ယောကျၤားလေးများလည်း မပေါင်းသင်းမိအောင်ရှောင်ကြဉ်ရမှာပါ။
(၂) စောရီ ဘရိယာ(ခိုးသူနှင့်တူသော မယား)။
လင်ယောကျၤားသည် အသက်မွေးဝမ်းကျောင်းအတတ်ပညာတစ်ခုခုဖြင့်ရှာဖွေ၍ သော်၄င်း၊ ကုန်သွယ်ခြင်းဖြင့်ရှာဖွေ၍သော်၄င်း၊စိုက်ပျိုးမွေးမြူရေးဖြင့် ရှာဖွေ၍သော်၄င်း၊ ရှာဖွေလို့ရတဲ့ငွေကြေးဥစ္စာကို (လင်ယောကျၤားအလုပ်လုပ်ပြီးရှာလို့ရတဲ့ငွေကို) လင်ယောကျၤားမသိအောင်ခိုးယူ သုံးဖြုန်းတတ်တဲ့မယားကို သူခိုးနှင့်တူသော မယားလို့ခေါ်ပါတယ်။ထိုမယားမျိုးကိုလည်း မိန်းကလေးအနေနဲ့မဖြစ်အောင် ရှောင်ရမှာ ဖြစ်သလို ယောကျၤားလေးများလည်း မပေါင်းသင်းမိအောင်ရှောင်ကြဉ်ရမှာပါ။
(၃)။အယျာ ဘရိယာ(သခင်နှင့်တူသောမယား)
လင်သားအပေါ်ပြုသင့်ပြုထိုက်သည့်အမှုတို့ကိုမပြုမူ၍ ပျင်းရိတတ်ခြင်း၊ အစားကြီးခြင်း၊ လင်ယောကျၤားကိုကျွန်လိုသဘောထားပြီး ကြမ်းတမ်း ရုန့်ရင်းစွာ မကောင်းသောစကား တို့နှင့် ပြောဆိုဆက်ဆံတတ်တဲ့ မယားကို သခင်နှင့်တူသော မယားလို့ခေါ်ပါတယ်။ ထိုမယားမျိုးကိုလည်း မိန်းကလေးအနေနဲ့မဖြစ်အောင် ရှောင်ရမှာဖြစ်သလို ယောကျၤားလေးများလည်း မပေါင်းသင်းမိအောင်ရှောင်ကြဉ်ရမှာပါ။
(၄) မာတာဘရိယာ(မိခင်နှင့်တူသောမယား)
မိခင်သည် သားသမီးများအပေါ် မေတ္တာ၊ကရုဏာ၊မုဒိတာ၊ဥပေက္ခာဆိုတဲ့ ဗြဟ္မစိုတရားလေးပါးတို့နှင့်စောင့်ရှောက် ကျေွးမွေးသကဲ့သို့ လင်သားအပေါ် ထိုထိုသော စိတ်စေတနာတို့ဖြင့်ကျေွးမွေးစောင့်ရှောက်သော၊လင်ယောကျၤားရှာဖွေထားသော ပစ္စည်းဥစ္စာများကို မဖိတ်မစင်အောင် ထိန်းသိမ်းတတ်တဲ့မယားကို မိခင်နှင့်တူသော မယားလို့ခေါ်ပါတယ်။ထိုမယားမျိုးဖြစ်အောင် မိန်းကလေးများအနေနဲ့ ကြိုးစားရမှာဖြစ်သလို ယောကျၤားလေးများအနေနဲ့နှင့်လည်းပေါင်းသင်းထိုက်တဲ့ မယားမျိုးလို့ဆိုရမှာပါ။
(၅) ဘာဂိနီ ဘရိယာ(နှမနှင့်တူသောမယား)
နှမဖြစ်သူသည် မိမိရဲ့ အစ်ကို၊မောင်တို့အပေါ်မှာ ချစ်ခြင်း၊ကြောက်ခြင်း၊ရိုသေခြင်းများ ထားသကဲ့သို့ ဇနီးမယားသည်လည်း လင်သားအပေါ် ချစ်ခြင်း၊ကြောက်ခြင်း၊ရိုသေခြင်း၊ အရှက်သိက္ခာနှင့်ပြည်စုံ၍ လင်သားအား မည်သည့်နည်းနှင့်မျှ လင်သားအား ကလန်ကဆန် ဆန့်ကျင်ဘက်မလုပ်တဲ့မယားမျိုးကိုခေါ်တာပါ။ ထိုသို့သော ဇနီးမယားမျိုးဖြစ်အောင် မိန်းကလေးများအနေနဲ့ အတုယူရမှာဖြစ်သလို ယောကျၤားလေးအနေနဲ့လဲ ပေါင်းသင်းဆက်ဆံထိုက်တယ်ဆိုတာသိစေချင်ပါတယ်။
(၆) သခီ ဘရိယာ(အဆွေခင်ပွန်းနှင့်တူသော မယား)
နှစ်ပေါင်းကြာမြင့်စွာဝေးကွာနေတဲ့ မိတ်ဆွေသူငယ်ချင်းကို ရုတ်တရက်မြင်ရလိုက်လျှင် ဝမ်းမြောက်ဝမ်းသာဖြစ်သကဲ့သို့ လင်ယောကျၤားအပေါ်မှာလည်း ဝမ်းမြောက်ဝမ်းသာ ကြိုဆိုခြင်း၊ဝမ်းမြောက်ဝမ်းသာဖြစ်ခြင်း၊အိမ်၌စွဲမြဲစွာနေ၍ အရပ်တစ်ပါးသို့ လင်မသိအောင်မသွားတတ်သော၊သီလစောင့်ထိန်း၍ လင်ယောကျၤားမှတစ်ပါးမည်သူ နှင့်မှ ဖောက်ပြန်ခြင်းမရှိခြင်း၊အမျိုးကိုစောင့်ထိန်းပြီး လင်ယောကျၤားအား မယားဝတ်တရားငါးပါးနှင့်အညီလုပ်ကျေွးတတ်တဲ့ မယားကိုခေါ်တာပါ။ ထိုသိုသော ဇနီးမယားကောင်းတစ်ဦးဖြစ်ရန် မိန်းကလေးများမှတ်သားနာယူသင့်သလို ယောကျၤားလေးများအနေနဲ့လည်း အိမ်ထောင်ဖက်ရွေးချယ်သင့်တဲ့ဇနီးမယား ဖြစ်ပါတယ်။
(၇)။ဒါသီ ဘရိယာ(ကျွန်နှင့်တူသောမယား)
ကျွန်ကောင်းတစ်ယောက်သည် သခင်အား ရိုသေစွာလုပ်ကျေွးပြုသကဲ့သို့ မိမိလင်သား က မိမိကိုဒေါသတရားနှင့်ဆက်ဆံသော်လည်း အမျက်ဒေါသမဖြစ်ခြင်း၊မပြစ်မှားခြင်း၊ ဆဲဆိုသောအကျင့်မရှိပဲသည်းခံတတ်ခြင်း၊လင်အား ချစ်ကြောက်ရိုသေစွာ လင်၏အလိုဆန္ဒကိုလိုက်လျောတတ်သော မယားကိုဆိုလိုတာပါ။ ကျွန်ဆိုးနဲ့တူတဲ ့မယားတော့မဖြစ်စေချင်ပါ။ ကျွန်ဆိုးတစ်ယောက်ကျတော့ ထိုကဲ့သို့မဟုတ်ပဲ သခင်ကွယ်ရာမှာ ထင်သလိုပြုမူတတ်သလို ဇနီးမယားကလည်း ယောကျၤားကွယ်ရာမှာ ယောင်္ကျားရှာဖွေထားသောပစ္စည်းဥစ္စာများကို သုံးဖြုန်းတဲ့ မယားတော့မဖြစ်စေချင်ပါ။ ကျွန်မှာ ထိုကဲ့သို ကျွန်ကောင်း၊ကျွန်ဆိုးရှိတယ်ဆိုတာသိစေချင်လို့ နှစ်မျိုးရေးပြလိုက်တာပါ။
ဆိုခဲ့တဲ့ ဇနီးမယား(၇)မျိုးအနက်က အမေနှင့်တူသော ဇနီး၊နှမနှင့်တူသော ဇနီး၊အဆွေခင်ပွန်းနှင့်တူသော ဇနီးများက လင်ယောကျၤားနှင့် အသက်ထက်ဆုံး နေထိုင်ခြင်း၊ သီလတရားနှင့်ပြည့်စုံသောကြောင့် သေလွန်သည့်အခါမှာ နတ်ပြည့်သို့ လားရောက်ရကြောင်း၊
သခင်နှင့်တူသောဇနီး၊ခိုးသူနှင့်တူသောဇနီး၊ လူသတ်ကောင်နဲ့ တူသောဇနီးမယားများကတော့ လင်ယောကျၤားအပေါ် မရိုမသေ မလေးမစားလုပ်ခြင်း၊ ဆဲဆိုပြစ်မှားခြင်း၊ဖောက်ပြန်ခြင်း၊မထီမျက်မြင်နှိပ်စက်စော်ကားခြင်းတို့ကြောင့်
သီလမရှိတဲ့ဇနီးများဖြစ်ကြတယ်လို့ဆိုရမှာ။ထိုထိိုသောဇနီးမယားသေလျှင်
ငရဲသို့လားရောက်ရမည်ဆိုတဲ့အကြောင်းကိုမြတ်စွာဘုရားရှင်က သုဇာတာ အမျိုးသမီးကိုဟောတော်မူပါတယ်။
ထိုထိုသော ဇနီးမယား(၇)မျိုးထဲမှ “သုဇာတာ” သင်သည်အဘယ်သို့သောဇနီးမယား ဖြစ်ချင်သလဲလို့မေးတော့ သုဇာတာက ကျွန်ကောင်းတစ်ယောက်နှင့်တူသော ဇနီးဖြစ်အောင် ကျင့်ကြံပါမည်ဟုလျှောက်ထား ပါတယ်။ ဒီပိုစ့်လေးကိုဖတ်မှတ်ပြီး မိန်းကလေးများလည်း လူသတ်ကောင်နှင့် တူသောဇနီး၊ခိုးသူနှင့်တူသောဇနီး၊ သခင်နှင့်တူသော၊ ဇနီးမျိုးမဖြစ်အောင် အတုယူရမှာ လိုက်နာရမှာဖြစ်သလို ယောကျၤားလေးများအနေနဲ့လည်းမိမိရွေးချယ်မယ့် အိမ်ထောင်ဖက်ကို ထိုခိုးသူနှင့်တူသော၊လူသတ်ကောင်နှင့်တူသော၊သခင်နှင့်တူသော ဇနီးမယားမျိုးကို ရှောင်ကြဉ်ပြီး မိခင်နှင့်တူသော ၊နှမနှင့်တူသော၊အဆွေခင်ပွန်းနှင့်တူသော၊ ကျွန်ကောင်းတစ်ယောက်နှင့်တူသော မိန်းကလေးမျိုးကိုရွေးချယ်ရမည်ဆိုတဲ့ အကြောင်းကို သိစေချင်တာနဲ့ အသိပေးရေးသာလိုက်ရပါသည်။
အားလုံးကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာကြပါစေ။
အရှင်ဝိမလဝံသ (နာလန္ဒာတက္ကသိုလ်၊အိန္ဒိယနိုင်ငံ)
..................................................................................................
http://buddhismworld.ning.com/profiles/blogs/6371237:BlogPost:122106 မှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်

No comments:
Post a Comment