Friday, January 9, 2026

Subject and predicate အကြောင်း(၂)

အင်္ဂလိပ်စာ အရေးစနစ်၏ အခြေခံ အကျဆုံး အမှုံဟာ 
( Alphabet ) လို့ ခေါ်တဲ့ ( အက္ခရာ ) ဖြစ်ပါတယ်။သူ့ကို စာရေးသားရာမှာ အသုံးပြုခြင်းကြောင့် ( Letter - စာလုံး ) လို့ ခေါ်ပါတယ်။

အင်္ဂလိပ်စာမှာ အက္ခရာ (၂၆ )လုံးရှိပါတယ်။
( စာလုံး အကြီး နှင့် စာလုံး အသေး )ဆိုပြီး 
ပုံစံ ( ၂ )မျိုး ရှိပါတယ်။

စာလုံး အသေးကို( Small letter )လို့ ခေါ်ဆိုပြီး
စာလုံးအကြီးကို(Capital letter )လို့ ခေါ်ပါတယ်။

Capital letters: A, B, C, D, E, F, G, H, I, J, K, L, M, N, O, P, Q, R, S, T, U, V, W, X, Y and Z.

Small letters: a, b, c, d, e, f, g, h, i, j, k, l, m, n, o, p, q, r, s, t, u, v, w, x, y, and z.

ထိုအက္ခရာ၂၆ လုံးကို( ဗျည်း )နှင့်( သရ ) ဆိုပြီး အပိုင်း နှစ်ပိုင်း ထပ်ခွဲပါတယ်။
ဗျည်း ကို ( Consonant ) လို့ ခေါ်ဆိုပြီး
သရ ကို ( Vowel ) လို့ ခေါ်ပါတယ်။

အက္ခရာစာလုံး၂၆လုံးထဲမှ ( a , e , i , o , u ) စာလုံး ငါးလုံးကို ( သရ )လို့ သတ်မှတ်ပြီး ကျန်တဲ့ အက္ခရာစာလုံး ၂၁ လုံးကို 
( ဗျည်း ) လို့ သတ်မှတ်ပါတယ်။

သရ စာလုံး ငါးလုံးကို မူတည်၍ ဗျည်းများနှင့် ပေါင်းစပ်ကာ (သရ အသံများ ) ကို ဖွဲ့စည်းတည်ဆောက် ပါတယ်။

ဥပမာ- in ( အင်-န် ) , ook ( အွတ်-ခ် ) , 
 eat ( အိ -ထ် ) , it ( အေတ်-ထ် ) , 
is ( အစ်-စ် ) အစရှိသဖြင့် ....
သရ အသံများ တည်ဆောက်ပြီး
ဗျည်းများနှင့် ပေါင်းစပ်ကာ 
ဆိုလိုရင်း အဓိပ္ပာယ်ရှိသော
( စကားလုံး )များကို တီထွင်ကြပါတယ်။
ထိုစကားလုံး များကို အင်္ဂလိပ်လို ( Word )
ဟုခေါ်ဆိုပါသည်။

ဥပမာ-  
ဗျည်း+သရ=စကားလုံး
b + in = ( bin ) = သေတ္တာ
d + in = ( din ) = ဆူညံသည်
t + in = ( tin ) = စည်သွပ်ဘူး
s + in = ( sin ) = မကောင်းမှု အကုသိုလ်
b + ook = ( book ) = စာအုပ်
c + ook = ( cook ) = ချက်သည်
l + ook = ( look ) = ရှာဖွေ ကြည့်ရှုသည်
t + ook = ( took ) = ယူဆောင်ခဲ့သည်
b + eat = ( beat ) = ရိုက်သည်
f + eat = ( feat ) = ထူးခြားသော အပြုအမူ
h + eat = ( heat ) = အပူပေးသည်
m + eat = ( meat ) = အသား
b + it = ( bit ) = အကြွေစေ့
f + it = ( fit ) = တပ်ဆင်သည်
h + it = ( hit ) = ရိုက်သည်
s + it = ( sit ) = ထိုင်သည်

ထိုသို့ ဖြစ်ပေါ်လာသော စကားလုံးများကို အသုံးပြုကာ ( Sentence = ဝါကျ )များ တည်ဆောက် ရေးသားကြပါသည်။

ဥပမာ- 
My name is Than Kyi.
ကျွန်တော့် အမည်မှာ သန်းကြည် ဖြစ်ပါသည်။

အဓိပ္ပာယ်ရှိသော ဝါကျ တစ်ခု ဖြစ်ပါသည်။

ဒါပေမယ့်
ထိုစကားလုံး ငါးလုံးကို နေရာ ပြောင်းပြီး
ပြန်စီကြည့်မယ်ဆိုရင်-

1 . My Than is name Kyi.
2 . Than is name Kyi my.
3 . name Than Kyi my is.
ဘာအဓိပ္ပာယ်မှ ထွက်‌ပေါ်မလာ‌တော့ပါဘူး။
( ဘာ့ကြောင့် ဒီလိုမျိုး ဖြစ်သွားရတာလဲ။ )

ဒီလိုဖြစ်ရတဲ့ အဓိက အကြောင်းအရင်းဟာ
ဝါကျတခုရဲ့ အထားအသို နေရာ မမှန်မှုကြောင့်
ဖြစ်ပါတယ်။

ဒါဆိုရင် စကားလုံးတွေကို စီချင်သလို စီလို့ မရဘူးဆိုတာ သိသာထင်ရှား နေပါတယ်။

ဥပမာ အနေနဲ့ ( လူ ) ရဲ့ ပုံသဏ္ဌာန် ဖွဲ့စည်းထားမှုကို ခေါင်းကစပြီး လေ့လာကြည့်ကြမယ်။

ခေါင်းကို လည်ပင်းနဲ့ ချိတ်ဆက်ထားပါတယ်။
လည်ပင်းကို ကိုယ်လုံးနဲ့ ချိတ်ဆက်ထားတယ်။
ကိုယ်လုံးရဲ့ဘေးမှာ လက်တစ်ခုစီ ရှိပါတယ်။
ကိုယ်လုံးကို ခါးနဲ့ ချိတ်ဆက်ထားပါတယ်။
ခါးကို တင်ပါးဆုံနဲ့ ချိတ်ဆက်ထားပါတယ်။
တင်ပါးဆုံကို ပေါင်၊ဒူးခေါင်း၊ခြေသလုံး စသဖြင့် အစဉ်လိုက် ချိတ်ဆက်ထားပါတယ်။
ဒါဟာ ကျွန်တော်တို့ သိထားတဲ့ လူ ရဲ့ပုံစံပါ။

တကယ်လို့  ခေါင်းနေရာမှာ ဒူးခေါင်းသွားထားလိုက်မယ်ဆိုရင် ဒါကို လူပုံစံလို့ အသိအမှတ်ပြုဖို့ မဖြစ်နိုင်ပါဘူး။

ဒီသဘောတရား အတိုင်းပဲ 
ဝါကျတခု တည်ဆောက်ရာမှာ 
Body structure အတိုင်းသာ ချိတ်ဆက်ပြီး
တည်ဆောက်ရပါတယ်။
အထားအသို မှားရင် အဓိပ္ပာယ်မဲ့တဲ့ ဝါကျတခုသာ ဖြစ်ပေါ်လာပါလိမ့်မယ်။

အဓိပ္ပာယ် ရှိတဲ့ ဝါကျ တခု ဖြစ်‌ပေါ်လာအောင်
၁။ ဘယ်လိုတွေ စီ ရမှာလဲ။
၂။ ဘာတွေကို သိရှိထားဖို့ လိုအပ်မလဲ။
ဆိုတာထက်

ဝါကျတခု၏ ( body structure )ဆိုတာ 
ဘာလဲလို့ သိထားဖို့ လိုပါတယ်။

ဝါကျ တစ်ခုကို ခွဲခြမ်းစိတ်ဖြာ ကြည့်မယ်ဆိုရင်-
၁။ ဝါကျတစ်ခု ဖြစ်ပေါ်လာအောင် ပြုလုပ်သူ (Doer ) နှင့်
၂။ Doer က ဘာပြုလုပ်သည် ဆိုတာကို 
ဖော်ပြသည့်အပိုင်း ဆိုပြီး 
အပိုင်း ( ၂ )မျိုး ရှိပါသည်။

ပြုလုပ်သူ( doer)ကို (Subject )လို့ ခေါ်ဆိုပြီး၊
Doer ဘာပြုလုပ်တယ် ဆိုတာ ဖော်ပြသည့် အပိုင်းကို( Predicate ) လို့ ခေါ်ပါတယ်။

ဝါကျတစ်ခုမှာ(Subject နှင့် Predicate ) ဆိုပြီး အပိုင်း နှစ်ခု ရှိပါသည်။
[ Sentence = Subject + Predicate ]

ဥပမာ-   She is a teacher.
                S          P
She စကားလုံးသည် 
ဝါကျတစ်ခုဖြစ်ပေါ်လာအောင် 
ပြုလုပ်သူ doer ဖြစ်ခြင်းကြောင့် 
သူ့ကို( Subject ) လို့ သတ်မှတ်ပြီး၊

ကျန်စကားလုံးများသည် subject ဘာပြုလုပ်တယ် ဆိုတာကို ဖော်ပြနေခြင်း ကြောင့်
သူ့တို့ကို ( Predicate )လို့ ခေါ်ပါတယ်။

Predicate ဆိုသည်မှာ ကတ္တား အကြောင်းကို ဖော်ညွှန်းပြသည့် ( ကြိယာပုဒ် ) ဖြစ်ပါတယ်။

မြန်မာလိုတော့ ( ဝါစက )လို့ ခေါ်ပါတယ်။
သူက ပါဠိ စကားလုံး ဖြစ်ပါတယ်။
မြန်မာမှုပြန်ပြုရင် ( ဝါကျပိုဒ်ငယ် ) လို့ ဆိုလိုပါတယ်။

ဒါက predicate စကားလုံးရဲ့ 
အဓိပ္ပာယ် (  အကျဉ်း ) ဖြစ်ပါတယ်။

ထိုစကားလုံးရဲ့ အဓိပ္ပာယ် ( အကျယ် )က ဘယ်လို ရှိသလဲ။
ဘယ်လိုမျိုး အခန်းကဏ္ဍ တွေခွဲခြားထားပြီး‌
ဖော်ပြထားမလဲ။
ဒါကို သိချင်လို့ ဆယ်တန်းကျောင်းသားဘဝက လက်လှမ်းမီသ‌လောက် စာအုပ်တွေ ဝယ်ဖတ်ကြည့်မိပါတယ်။ရှာဖွေ မတွေ့ရှိခဲ့ပါဘူး။

ကျွန်တော် လေ့လာနေတာက predicate ရဲ့ အတွင်းပိုင်း ( inner layer ) ပါ၊ သိရှိခဲ့ရတာက
( outer layer ) အ‌ကြောင်း ဖြစ်ပါတယ်။

Predicate ကို ( ၅ ) မျိုးခွဲပြထားပါတယ်။
1. Simple Predicate 
ဥပမာ- He plays.
             S.    V.
ထိုဝါကျမှ ကြိယာ ( plays ) ကို 
Simple Predicate လို့ ခေါ်ပါတယ်။

2. Complete Predicate 
ဥပမာ- He plays football in the park.

ဒီဝါကျထဲက ( plays football in the park ) အပိုင်းကို Complete Predicate ဟုခေါ်ပါတယ်။

ဆိုလိုတာက
( Simple Predicate + All the other words )
အပိုင်းကို Complete Predicate လို့ ခေါ်ဆိုခြင်းသာဖြစ်ပါတယ်။

3. Compound Predicate 
ဥပမာ. He plays football and swims .

ကတ္တားပြုလုပ်သည့် အကြောင်းအရာ (၂)ခုကို
စကားဆက် ( conjunction ) အသုံးပြုပြီး ဆက်စပ် ဖော်ပြပေးတာကို Compound Predicate လို့ ခေါ်ပါတယ်။

4. Predicate Adjective 
ဥပမာ. She is beautiful.
‌Linking verb များကို နာမဝိသေသန 
(Adjective)စကားလုံးများနှင့် ပေါင်းစပ်ကာကတ္တား၏ quality ကို ဖော်ပြသော စကားစုကို 
Predicate Adjective လို့ ခေါ်ဆိုခြင်းသာ ဖြစ်ပါသည်။
Linking verb + Adjective ကို ခေါ်တာလို့ မှတ်ပါ။

5. Predicate Nominative
ဥပမာ- She is a teacher.
Linking verb + Noun phrase ကို ခေါ်တာလို့
အလွယ်ဆုံး မှတ်လိုက်ပါ။

ဒါတွေက Predicate ရဲ့ ပြင်ပ လက္ခဏာ တွေသာ ဖြစ်တယ်လို့ ခံစားသိမြင်ရပါတယ်။

Predicate ရဲ့အတွင်းကလိစာတွေ အကြောင်းသာ ကျွန်တော် သိချင်ခဲ့တာပါ။

Predicate အထဲက ကြိယာကို ဖယ်ထုတ်လိုက်ရင် ကျန်နေခဲ့တဲ့ ပုဒ်အစုကို ဘယ်လိုခေါ်သလဲ။
ဒါကို အသိချင်ဆုံးပဲ။

နေကို လှည့်ပတ်နေတဲ့ ဂြိုလ် တွေ ရှိတယ်။
ဂြိုလ်တခု နဲ့ တခု က မတူညီကြပေမယ့်
အနှစ်ချုပ်ကြည့်ရင် Solar system ဖြစ်လာပါတယ်။Solar system ကို ဖြည်ကြည့်ရင် ဂြိုလ်‌
တွေ၊ဂြိုလ်ရံလ တွေ ပြန်ပြီးထွက်လာမှာပါ။

Predicate ကို ဖြည်ကြည့်မိတာ
ဆင်ပြောင်ကြီး အမြီးကျမှတစ် နေတယ်။

ဘယ်လိုခေါ်သလဲ သိခွင့် မရတော့
ဘယ်လိုခေါ်ရမလဲလို့ ပြောင်းပြီး စဉ်းစားကြည့်မိပါတယ်။

အဲ့ဒီလို စဉ်းစားကြည့်မိခြင်းက-
အင်္ဂလိပ် သဒ္ဒါကို ပိုပြီးစိတ်ဝင်စားစေခဲ့သလို၊
သဒ္ဒါစည်းမျဉ်း နဲ့ ကွဲလွဲတဲ့ အမြင်တွေကိုပါ
ထွက်ပေါ်လာ စေခဲ့ပါတယ်။

တံငါနားနီး တံငါ၊ မုဆိုးနားနီး မုဆိုး ဆိုသလို
( နာမ် ) ကို အထူးပြုရင် နာမဝိသေသန၊
( ကြိယာ ) ကို အထူးပြုရင် ကြိယာဝိသေသန
ဖြစ်တယ်ဆိုတဲ့ အဆိုကိုပါ ထည့်သွင်းစဉ်းစားကြည့်တဲ့အခါ

Predicate ရဲ့ အကျယ်ဟာ
( V.A ) ဆိုပြီးထွက်ပေါ်လာစေခဲ့ပါတယ်။

Predicate မှာ အဓိက အစိတ်အပိုင်း နှစ်မျိုးရှိပါသည်။၎င်းတို့မှာ-
( Verb နှင့် Adverbial )ဖြစ်ပါသည်။

Predicate 
၁ . Verb ( ကြိယာ )
၂ . Adverbial ( ဝိသေသနပုဒ်စု )

၁။ Subject ဘာပြုလုပ်တယ် ဆိုတာ 
ဖော်ပြပေးတဲ့ အပိုင်းကို ( Verb - ကြိယာ ) ဟု ခေါ်ဆိုပြီး၊

၂။ထိုသို့ ဖော်ပြပေးတဲ့ ကြိယာကို ပိုပြီးပြည့်စုံသွားအောင်  ဝိ‌‌သေသန အနေဖြင့် အထူးပြုပေးသည့် အပိုင်းဆိုပြီး  ရှိပါသည်။
၎င်းကို ( Adverbial )ဟု ခေါ်ဆိုပါသည်။

ဥပမာ-

She  is  a teacher.
  S    V       A
သူမဟာ ဆရာတစ်ယောက် ဖြစ်တယ်။

She = သူမ
ဒီဝါကျဟာ သူမ အကြောင်းကို အဓိက ထားပြီး ဖော်ပြတာဖြစ်ပါတယ်။ဒါ့ကြောင့် She ဆိုတဲ့ သူမဟာ ဝါကျ တစ်ခု ဖြစ်ပေါ်လာအောင် ဖန်တီးသူ  ( doer ) ဖြစ်ပါသည်။ 
ထို့ကြောင့်-She ကို Subject ( ကတ္တား )လို့ သတ်မှတ်ပါသည်။

is = ဖြစ်သည် 
is ဟာ သူမ ဘာပြုလုပ်တယ် ဆိုတာကို 
ဖော်ပြပေးခြင်းကြောင့် 
Verb  ( ကြိယာ )လို့သတ်မှတ်ပါသည်။

a teacher = ဆရာတစ်ယောက်
a teacher ဆိုတဲ့ ဆရာတစ်‌ယောက် ဟာ
She ဆိုတဲ့ subject ဘာပြုလုပ်‌နေတယ်
ဆိုတာကို ဖော်ပြပေးတဲ့ ဖြစ်ခြင်းပြ ကြိယာ 
(  is  ကို ) ပြည့်စုံသွားအောင်၊လေးနက်သွားအောင် ဝိသေသနဆန်ဆန် ပြန်ပြီး အထူးပြုပေးထားပါသည်။

ထို့ကြောင့် ( a teacher ) စကားစုသည် ကြိယာကို complement ဖြည့်ပုဒ်တစ်ခု အနေဖြင့် ဝိသေသနဆန်ဆန် ပြန်လည်အထူးပြုထားသော ( Adverbial ( A ) ဝိသေသနပုဒ်စု ) 
တစ်ခုသာဖြစ်သည်ဟု မှတ်ပါ။

ထို့ကြောင့် ဝါကျတခုသည်-( S V A ) ဟူသော အစိတ်ပိုင်း (၃)ခုကို အခြေခံကာ 
ဖွဲ့စည်းတည်ဆောက် ထားခြင်းသာ ဖြစ်သည်ဟု ရိုးရှင်းစွာ သိမြင်ထားသင့်ပါသည်။

( Adverbial ) အပိုင်းကို ခွဲခြမ်းစိတ်ဖြာ
လေ့လာကြည့်မယ်ဆိုရင်- အဓိက အားဖြင့် အပိုင်း သုံးခု ထပ်မံ ထွက်ပေါ်လာပါသည်။

၁။Doer ပြုလုပ်သည့် အကြောင်းအရင်းကို -
လက်ခံရာပြပုဒ်( Object ) အနေဖြင့် သော်လည်းကောင်း၊

၂။Doer ပြုလုပ်သည့် အကြောင်းအရင်းကို-
ပြည့်စုံအောင် ဖြည့်စွက် ပေးသည့် 
ဖြည့်ပုဒ် ( Complement ) အနေဖြင့် သော်လည်းကာင်း၊

၃။ကြိယာဝိသေသန ပုဒ်စု ( Adjunct ) အနေဖြင့်သော်လည်းကောင်း

ကြိယာကို လေးနက်သွားအောင် အထူးပြုကြပါသည်။

ထို့ကြောင့်-
အင်္ဂလိပ် ဝါကျ တစ်ခုမှာ
1. Subject ( S )
2. Verb ( V )
3. Object ( O )
4. Complement ( C )
5. Adjunct ( A )  ဟူ၍

စသည့် အဓိက အစိတ်အပိုင်း ( ၅ ) ခုကို 
အ‌ခြေပြုပြီး တည်ဆောက်ထားပါသည်။

အထက်ပါ  အစိတ်အပိုင်း ငါးမျိုးထဲက
Adjunct (  ) ဆိုတာ ဘာလဲ။

Adjunct  ( A ဆိုသည်မှာ-
ကြိယာ(verb)စကားလုံး၏ အဓိပ္ပာယ်ကို ချဲ့ထွင်ရန် ၊ပြုပြင်ရန် အသုံးပြုသည့် စကားလုံး၊စကားစုတို့ကို Adjunct ဟုခေါ်ပါသည်။

အရန်နည်းလမ်း( Auxiliary way )ဖြင့် 
ပိုမိုလေးနက်သွားအောင် ချိတ်ဆက်ပေးသည့်၊ပေါင်းထည့်ပေးသည့် အကြောင်းအရာ အချက်အလတ် ( more information )များကို Adjunct ဟုခေါ်ပါသည်။

Adjunct အမျိုးအစား လေးခုရှိပါသည်။
၎င်းတို့မှာ-

1.Place      ( P )နေရာ ပြပုဒ်
2.Manner  ( M ) အပြုအမူ ပြပုဒ်
3.Time      ( T ) အချိန် ပြပုဒ်
4.Reason  ( R )အကြောင်းပြချက် ပြပုဒ်

1. Place of Adjunct 
2. Manner of Adjunct 
3. Time of Adjunct 
4. Reason of Adjunct 
စသည်တို့ဖြစ်ကြပါသည်။

ထို လေးမျိုးဖြင့်ကြိယာကို ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ပိုမိုလေးနက်သွားအောင် အထူးပြုကြပါသည်။ 

၎င်းလေးမျိုးကို( Supporter ) ဟုခေါ်ပါသည်။
ကျန်သည့် နှစ်မျိုးကို ( completer ) လို့ ခေါ်သည်ဟု မှတ်ပါ။

ဤသို့ဖြင့် ဝါကျတစ်ခုမှာ-
( S.V.O.C.P.M.T.R ) ဟူ၍ 
 ဝါကျ၏ ခန္ဓာ ကိုယ်ထည် ချိတ်ဆက် ထားမှု ဖြစ်စဥ် တစ်ခု ဖြစ်ပေါ်လာခဲ့ရပါသည်။

၎င်းကို -
Body Structure Of Sentence သို့မဟုတ်
Sentence Structure လို့ခေါ်ပါသည်။

ထိုအစီအစဉ်အတိုင်းသာ စာစီရပါသည်။
စာစီသည့် အခါ ( subject + verb ) နှစ်ခုကို
အရင်ဆုံး အထိုင်ချရပါမည်။

ထို့နောက် ကြိယာကိုကြည့်ပြီး
Completer ( O , C ) လိုက်ရမလား၊
Supporter ( P,M,T,R ) လိုက်ရမလား
ဆုံးဖြတ်ရပါသည်။

Beginner level မှာ ဝါကျတစ်ကြောင်းကို
အရိုးရှင်းဆုံး ပုံစံဖြင့် လွယ်ကူစွာ တည်ဆောက်နိုင်ပါလိမ့်မယ်။

( SV OC   PMTR ) ကို စာစီဖို့ အတွက်
ဦးနှောက်ထဲမှာ တသက်တာ မှတ်ထားဖို့အကြံပြုလိုက်ပါရ‌စေ။

P နှင့် M သည် တစ်ခါတစ်ရံ ၌ ( M.P )ဆိုပြီး ဖြစ်တက်သည်ဟု မှတ်ထားလိုက်ပါ။

အဘယ့်ကြောင့် ဆိုသော်
( PMTR ) ကို ပြုပြင်၍ ပြောင်းရေးနိုင်ခြင်းကြောင့်ဖြစ်ပါသည်။
MPTR သို့မဟုတ် T R/M P ဟူ၍
ပြုပြင် ပြောင်းရေး နိုင်သောကြောင့် ဖြစ်ပါသည်။

Saturday, January 3, 2026

Introduction အကြောင်း(၁)

ဝါကျတစ်ခု တည်ဆောက်မယ် ဆိုရင်
အောက်ဖော်ပြပါ အကြောင်းအရာများကို
သိထားဖို့ လိုအပ်ပါတယ်။

တခါက
ရွာတရွာမှာ လူငယ်အရွယ် ဘဝကတည်းက အသက်(၅၀) အရွယ်ထိ တစိုက်မတ်မတ် လယ်ယာလုပ်လာခဲ့သူ တစ်ဦးရှိပါတယ်။
သူရဲ့ ဖြတ်သန်းလာခဲ့တဲ့ လယ်ယာ အတွေ့အကြုံ တွေက သူ့ကို သူ့ရွာမှာ ဆရာ
တစ်ယောက် ဖြစ်စေခဲ့ပါတယ်။

ရွာအနီးအနား ပတ်လည်က လယ်ယာသမားများဟာ လယ်ယာကိစ္စနဲ့ သိလိုတာရှိရင် 
သူ့ဆီလာပြီး မေးမြန်းတိုင်ပင်ရသည် အထိ
ကျော်ကြားပါသတဲ့။

တနေ့မှာ
ရွာတရွာက လူတယောက် သူ့ဆီ ရောက်လာပြီး
နှစ်ထပ်တိုက် ဆောက်ချင်လို့
ဘယ်လို ဆောက်ရမလဲ လို့ မေးလိုက်ပါတယ်။

ဒီမေးခွန်းကို ဖြေဖို့ သူကြိုးစားကြည့်ပေမယ့်
မဖြေနိုင်ဘူး တဲ့။

တိုက်ဆောက်တဲ့ အကြောင်းကို 
Input မလုပ်ထားတော့
Output က ထွက်မလာတော့ပါဘူး။

ဒီ သဘောတရား အတိုင်းပါပဲ။

ဝါကျ တစ်ကြောင်း ဖန်တီးဖို့ အတွက်
အခြေခံ သိထားရမည့် အကြောင်းအရာတွေ
ဦးနှောက်ထဲမှာ မရှိရင် output ထွက်လာမှာ
မဟုတ်ပါဘူး။

လူကို Body and mine နဲ့ ဖွဲ့စည်းတည်ဆောက်ထားပါတယ်။ဒါ‌ပေမယ့် Body ကို ခွဲစိတ်ကြည့်လိုက်မယ်ဆိုရင် mine ကို ရှာမတွေ့နိုင်ပါဘူး။
စိတ် နဲ့ ခန္ဓာ ဟာ ဆက်နေပေမယ့် အလွှာခြားနေပါတယ်။ 

ဝါကျတခုမှာ မြင်ရတဲ့ အလွှာကို 
မမြင်ရတဲ့ အလွှာက ထိန်းချုပ်ထားပါတယ်။

၎င်းတို့မှာ-

1. Body structure of sentence 
2. Nine parts of Speech 
3. Tense verb 
စသည်တို့ ဖြစ်ကြပါတယ်။

ဒီ ( သုံးခု )ကို မနိုင်ရင် 
ဝါကျဆိုတဲ့ စက်ဘီးကြီးကို စီးလို့မရပါဘူး။

ထိုအကြောင်းအရာများ၏ အခြေခံ သဘောတရား များကို သိထားမယ်ဆိုရင် 
Beginner level အဆင့်မှာ ဝါကျတခုကို လွယ်ကူစွာ တည်ဆောက်နိုင်ပါလိမ့်မယ်။

နောက်တစ်ချက် သိထားသင့်တာက
ဝါကျ တခုကို အခြေခံ အဆင့်မှာ အနှစ်ချုပ်ကြည့်ရင် သူရဲ့ Body structure တည်ဆောက်ပုံက ( S.V.A ) ဖြစ်တယ်လို့ သိထားရပါမယ်။

သင်တုန်းက
အပေါ်ကို ခေါင်းမော့ကြည့်ပြီး
မြင်နေရတာကို( ကောင်းကင် )ခေါ်တယ်လို့
သင်ခဲ့ရတာပါ။

သို့ပေမယ့်
အမြင့်ရောက်လာတဲ့အခါ 
သင်ထားခဲ့သမျှကို ပြန်ငုံ့ကြည့်မိတော့
မြေကြီးတွေ ရှိနေတာကို မြင်လိုက်ရပါတယ်။

အဲ့ဒီ အမြင်တွေက  သဒ္ဒါ စည်းမျဉ်းရဲ့ ဆန့်ကျင်ဘက်မှာ တည်ရှိနေပါတယ်။

100% မှန်တယ်လို့ မဆိုသာပေမယ့်၊
လုံးဝ မှားတယ်လို့လည်း မပြောသာပါဘူး။

အင်္ဂလိပ် ဝါကျ တခု တည်ဆောက်တဲ့အခါ
Beginner level မှာ အမြဲတမ်း တစိုက်မတ်မတ်
နဲ့ ကြိယာကို သတိထားပြီးကြည့်ရပါတယ်။

အသုံးပြုမည့် ကြိယာကို (မေးခွန်း )ထုတ်ရပါတယ်။
What - ဘာကိုလဲ၊ဘာဖြစ်တာလဲ။
Where - ဘယ်နေရာမှာလဲ။
How - ဘယ်လိုလဲ။
When - ဘယ်အချိန်မှာလဲ။
Why - ဘာ့ကြောင့်လဲ၊ဘာ့အတွက်လဲ
စသဖြင့် မေးခွန်းထုတ်ကြည့်ရပါတယ်။

ဥပမာ-
He gives a book.
ထိုဝါကျ၏ ကြိယာ ( give )ကို 
What ဖြင့် မေးခွန်းထုတ် ကြည့်ပါက -

Give = ပေးသည်။
What = ဘာကို ပေးတာလဲ။
( တခုခုကို ပေးလို့ရနေပါတယ် )
a book =( စာအုပ် တအုပ်ကို) လို့ 
အဖြေ ရှိနေပါတယ်။
ဒါ့ကြောင့် ထိုကြိယာကို  ( ကံလို ကြိယာ ) 
( Transitive verb )ဟု ခေါ်ဆိုပါသည်။

( a book ဟာ ) ကြိယာနဲ့သာ သက်ဆိုင်ပြီး၊ ကြိယာ၏ အဓိပ္ပာယ်ကို ပိုမို ပြည့်စုံသွားအောင် ဖြည့်ဆည်းပေးသည့် စကားစု တစ်ခုသာ ဖြစ်နေပါတယ်။

ဒါ့ကြောင့်
Object ဟာ ကြိယာ၏ ပြုမူမှုကို 
လက်ခံပေးတဲ့( receiver ) တစ်ခုအနေဖြင့် 
ကြိယာကိုပြန်ပြီး( ဝိသေသန )ပြုနေတယ်လို့ မြင်ပါတယ်။

ထိုနည်းတူစွာ
Complement သည်လည်းပဲ 
ကြိယာ၏ ဖြစ်ခြင်းကို ပြည့်စုံစေရန် အတွက် 
( ဖြည့်ပုဒ် )တစ်ခု အနေဖြင့် ကြိယာကို ပြန်ပြီး
( ဝိသေသန )ပြု‌ပါတယ်။

သဒ္ဒါစည်းမျဉ်း ထဲမှာတော့
Place (P) နေရာ၊ Manner (M) ပြုမှုပုံ နည်းလမ်း၊ Time (T) အချိန် နှင့် Reason (R) အကြောင်းပြချက် စသည်တို့ကို ကြိယာဝိသေသနပုဒ်စု( Adverbial / Adjunct ) လို့ သတ်မှတ် ထားပါတယ်။

Object (O)နှင့် Complement(C) တို့ကို ခွဲထုတ်ထားပေမယ့် အလုပ်လုပ်ပုံ( function ) က အတူတူပါပဲ။ဒိီပုတ်ထဲက ဒီပဲတွေချည်းပဲ ဆိုသလို ဖြစ်တည်နေပါတယ်။

ထိုနှစ်ခု၏ ကွဲပြားနေမှုကို 
ဆက်စပ်သွားအောင်လို့
1. Completer  = ( O , C ) နဲ့
2. Supporter   = ( P. M.T.R )ဆိုပြီး
အပိုင်း နှစ်ပိုင်း ခွဲခြားသတ်မှတ်ပါမယ်။

ကြိယာ၏ လုပ်ဆောင်ချက်ကို
စကားစုများ အနေဖြင့် ဝိသေသနပြုကြရာ၌
1.Completer နှင့် 2.Supporter ဟူ၍
အပိုင်း( ၂ )ပိုင်း ရှိသည်ဟု သိထားသင့်ပါသည်။

Completer က ကြိယာ၏ အဓိပ္ပာယ်ကို ပြည့်စုံသွားအောင် ( ဖြည့်စွပ် ) ပေးပြီး၊

Supporter က ကြိယာ၏ အဓိပ္ပာယ်ကို ပြည့်စုံ
သွားအောင် ( ထောက်ပံ့ )ပေးပါတယ်။

ဖြည့်စွပ်တာ နဲ့ ထောက်ပံ့တာ ဟာ အများကြီး
မကွားခြားဘူးလို့ မြင်ပါတယ်။

နှစ်ခုစလုံးရဲ့ဆိုလိုရင်း အဓိပ္ပာယ်က 
ကြိယာ ဆီသို့သာ ဦးတည်နေပါတယ်။

ဒါမှမဟုတ်
နှစ်ခုစလုံးဟာ (Wh) မေးခွန်းဖြင့် ကြိယာထံမှ 
ဆင်းသက်ပေါက်ဖွားလာကြတာ ဖြစ်ပါတယ်။

၎င်းတို့သည်-
ကြိယာ၏ အဓိပ္ပာယ်ကို ပိုပြီးပြည့်စုံသွားအောင် ထပ်ပေါင်း ထည့်‌ပေးသည့် 
(more information ) အချက်အလက်များသာ
ဖြစ်ကြပါတယ်။

ဥပမာ နဲ့ လေ့လာကြည့်ကြမယ်။

He ( eats) an apple.
ဘာစား တာလဲ။
ပန်းသီး တလုံး။ object - ( O ) 

He ( is ) a teacher.
ဘာဖြစ်တာလဲ။
ဆရာ တယောက်။ complement ( C ) 

He ( goes ) to school.
ဘယ်သွား တာလဲ။
ကျောင်းသို့။ place - ( P ) 

ရှင်းရှင်းလေးပါပဲ။

An apple, a teacher, to school တို့ဟာ ကြိယာ၏ အဓိပ္ပာယ်ကို ပြည့်စုံသွားအောင် ဖြည့်ဆည်းဆောင်ရွက်ပေးတဲ့ စကားစုများ
ဖြစ်‌နေကြပါတယ်။

ထိုစကားစုတို့ကို( eight parts of Speech ) ရှုထောင့်ကနေ ကြည့်ရင်-
An apple က( noun phrase )
A teacher က( noun phrase )
To school က( prepositional Phrase )
ဒါက သူတို့၏ ( category ) အဆင့်အတန်း။
သူတို့ ( function )က 
An apple က ( object )
A teacher က ( complement )
To school က ( adverbial of place ) ဖြစ်ကြပါတယ်။

သူတို့ကို Body structure of sentence 
ရှုထောင့်ကနေ ကြည့်ရင်
An apple က ( object )
A teacher က ( complement )
To school က ( Adverbial of place )
ဒါက သူတို့၏ ( category ) အဆင့်အတန်း။
သူတို့၏ ( function ) က ကြိယာကိုပြန်ပြီး
( ဝိသေသန ) ပြုနေကြသည့် ( Adverbial )
များသာဖြစ်ကြပါတယ်။

သဒ္ဒါ rules များ၏ အပြင်ဖက်ရှုထောင့်ကနေ ကြည့်ရင် ထိုစကားစု အားလုံးဟာ 
( complement )လို့ခေါ်တဲ့( ဖြည့်ပုဒ် )တွေသာ ဖြစ်တယ်လို့ ခံစားသိရှိနိုင်ပါတယ်။

မတူညီတဲ့ ပုံစံ နဲ့ လုပ်ဆောင်ချက်များကြောင့်
သဒ္ဒါစည်းမျဉ်း အပေါ်မှာ အခေါ်အဝေါ်ကွဲလွဲ
စွာ သတ်မှတ်ခံရပြီး အခန်းကဏ္ဍ ( role ) ကွဲပြားသွားစေခဲ့ခြင်းသာ ဖြစ်ပါတယ်။

အခြေခံ အဆင့်၏ ဝါကျ တခုမှာ 
Subject နဲ့ Verb ကလွဲရင် 
ကျန်သည့် အပိုင်းဟာ ကြိယာကို အထူးပြုပေး‌သည့်( ဝိသေသနပုဒ်စု - Adverbial )တွေသာဖြစ်ကြပါတယ်။

ဒါ့ကြောင့်
အင်္ဂလိပ် ဝါကျ တခု၏ ဖွဲ့စည်းတည်ဆောက်ပုံကို  ပုံသေနည်း ထုတ်ကြည့်မယ်ဆိုရင်  
[ S V A ] သာ ရလာပါလိမ့်မယ်။

ဆယ်တန်းကျောင်းသား ဘဝတုန်းက 
ဝါကျတခုကို အနှစ်ချုပ်လိုက်ရင် (SVA )သာ
ရတယ်လို့ ပြောကြည့်ဖူးပါတယ်။
သူငယ်ချင်း အများစုက လက်မခံကြပါဘူး။

ဒါတွေက ကိုယ်ပိုင်စဉ်းစားဉာဏ် (Critical Thinking)ဖြစ်နေလို့ ၊ သဒ္ဒါစည်းမျည်းအရ
လွဲနေလို့ လက်မခံကြတာ ဖြစ်နိုင်ပါတယ်။

တကယ်တော့
( VA ) ဟာ  predicate ရဲ့ အတွင်း ကလီစာတွေ ဖြစ်ကြပါတယ်။

* Subject ( ဘာလုပ်သလဲ၊ဘာဖြစ်သလဲ )
ဆိုတာကို ( Predicate )က ဖော်‌ပါတယ်။

* Predicate ရဲ့ လုပ်ဆောင်မှု ( function ) ကို
ကြိယာ ( verb ) က ဖော်ကောင်လုပ်ပါတယ်။

*Verb ( ကြိယာ )၏ ပြုမူ နေပုံထိုင်ပုံ 
( role ) အဆင့်အတန်း ကို သူ့နှင့်အတူ တွဲပြီးပါလာတဲ့ စကားလုံး၊စကားစု( A ) က ဖော်ပါတယ်။  [ A= Adverbial ( ဝိသေသနပုဒ်စု ) ]

ဒါ့ကြောင့် ( VA ) ဆိုတာ-
1.Internal basic structure of the predicate 
ဝါစက ၏ အတွင်းပိုင်း အခြေခံတည်ဆောက်ပုံ ( သို့မဟုတ် )

2. Inner body structure of the predicate.
ကတ္တား အကြောင်းကို ဖော်ပြသည့် ကြိယာပုဒ်
၏ ခန္ဓာကိုယ် အတွင်းပိုင်း တည်ဆောက်မှုပုံစံ
သာ ဖြစ်ပါတယ်။

ဒါက ကျွန်တော့်ရဲ့ နားလည်ထားမှု နဲ့ ယုံကြည်ထားမှု တစ်ခုသာ ဖြစ်ပါတယ်။

ကောင်းရင် ( ဆောင် )
မကောင်းရင်တော့ ( ရှောင် )လိုက်ပါ။

ဒါပေမယ့်
အင်္ဂလိပ် ဝါကျ တခုကို တည်ဆောက်ရာ၌ အသုံးပြုကိုင်တွယ်ရမည့်
( အခြေခံ သဘောတရားများကို)
‌သိလိုသူ၊လေ့လာလိုက်စား နေသူများ အတွက်
အသိတရား တစ်ခု တိုးပွားစေရန် အလို့ငှာ
အကောင်းဆုံး ဖြစ်အောင် ဖော်ပြပေးချင်ပါတယ်။

ဖော်ပြပေးမည့် အခြေခံ အချက်အလက်များဟာ ( ဆယ်တန်း ကျောင်းသားဘဝက )
ကျူရှင်တခုမှာ သင်ခဲ့၊သိခဲ့ရတဲ့ အတွေ့အကြုံများသာ ဖြစ်ပါကြောင်း ။ ။